Blogger news

Thursday, May 5, 2011

ဒွေးမယ်နော်ရဲ့ ငွေတောင်ပြည်



ကျွန်တော်တို့ ငယ်စဉ်ခလေးဘဝက ညဥ့်အိပ်ရာ ဝင်ချိန်များတွင် မိဘဘိုးဘွားများ ပြောလေ့ပြောထ ရှိသည့် ညဥ့်အိပ်ရာဝင် ဒဏ္ဍာရီ ပုံပြင်များတွင် လူ့ခန္ဓာကိုယ်နှင့် ငှက်တောင်ပံပါသော ကိန္နရီငှက်မလေး 'ဒွေးမယ်နော်' ဇာတ်လမ်း ပါရှိသည်။ ထိုပုံပြင်ထဲတွင် ငွေတောင်ပြည်မှ ကိန္နရီငှက်ညီအစ်မ ခုနှစ်ဖော် တို့သည် ငွေတောင်ကြီး၏ ခြေရင်းတွင်ရှိသော တောအုပ်ကြီးအတွင်းမှ ရေကန်ကြီးဆီသို့ နေ့စဉ်ပျံသန်းကြပြီး ထိုရေကန်ကြီး အတွင်းတွင် မြူးတူးပျော်ပါး ရေဆော့ကစားလေ့ ရှိကြသည်။ တနေ့တွင် တက္ကသိုလ်မှ ပညာသင်ပြီး ပြန်လာသော 'သုဓနု'အမည်ရှိ မင်းသားတစ်ပါးသည် ထိုတောအုပ်ကြီး အတွင်းမှ ဖြတ်သန်းစဉ် ရေကန်ကြီးအတွင်း၌ ရေဆော့ကစားနေသည့် ကိန္နရီညီအစ်မ ခုနှစ်ဖော်ကို တွေ့ရှိသွားသည်။ လူသူမနီးသောတောအုပ်ကြီးအတွင်းမှ ရေကန် ကြီးအတွင်း ဤကဲ့သို့ပျိုမြစ်နုနယ်သောမိန်းမပျိုကလေးများကို တွေ့ရသည့် အတွက် သုဓနုမင်းသားသည်အလွန်အံအားသင့်သွားပြီး လူလော-နတ်လော ခွဲခြားသိစေရန်အတွက် နဂါးကျော့ကွင်းဖြင့် ထောင်ဖမ်းသည်။ ညီအစ်မ ခုနှစ်ဖော်အနက် အသက်အငယ်ဆုံးနှင့်ချောမောအလှပဆုံး 'ဒွေးမယ် နော်' လေးကို ကျော့ကွင်းဖြင့်ဖမ်းမိပြီး သူ၏တိုင်းပြည်သို့ခေါ်သွားသည် သုဓနု မင်းသားသည် ဒွေးမယ်နော်ကို မေတ္တာသက်ဝင် ချစ်ခင်စုံမက်သဖြင့် လက်ထပ် ထိမ်းမြားကာ နန်းတော်တွင် စည်းစိမ်အပြည့်အဝအြေ>ွခအရံအပြည့်အစုံဖြင့် ထားသည်။ သို့သော်လည်း 'ဒွေးမယ်နော်'လေးသည် မပျော်ပိုက်ပဲ ဌာနေ ဖြစ်သော ငွေတောင်ပြည်ကို အမြဲတမ်းလွမ်းနေလေ့ရှိသည်ဟုဆိုသည်။ ကျွန်တော်တို့ ငယ်စဉ်က ထိုပုံပြင်ကိုကြားတိုင်း ကိန္နရီမလေး 'ဒွေးမယ်နော်'ကို သနားခဲ့ပြီး ဒွေးမယ်နော်တို့၏ဌာနေငွေတောင်ပြည်ဆိုသည်ကို ရော်ရမ်း၍ မှန်းဆခဲ့ဖူးသည်။ တဖန်ကျွန်တော်တို့ လူ ပျိုပေါက်အရွယ် ရောက်လာသော အခါ နှလုံးသားကိစ္စရပ်များတွင် တစ် ဦးနှင့်တစ်ဦး မည်မျှချစ်ကြပါသည် ဆိုသော မေတ္တာနက်ရှိုင်းမှုပြသခြင်း ကို အနောက်နိုင်ငံများ၌ 'ရိုမီယို' နှင့် 'ဂျူးလီးယက်'တို့၏အချစ်ဖြင့် နှိုင်း ယှဉ်ပြသကဲ့သို့ ကျွန်တော်တို့ မြန်မာ နိုင်ငံတွင်လည်း ကိန္နရီ ၊ကိန္နရာမောင် နှံတို့၏အချစ်မျိုးဟု နှိုင်းယှဉ်ကြပြန် သည်။ ကိန္နရီ၊ ကိန္နရာချစ်သူနှစ်ဦး သည် တစ်ညဥ့်တာ တစ်ဦးနှင့်တစ်ဦး ဝေးကွာသွားခဲ့သည်ကိုပင် ရက်ပေါင်း ခုနှစ်ရာမျှ ပူဆွေးရသည့်ပမာဏနှင့် ညီမျှကြောင်းဖွဲ့ဆိုသည့်မေတ္တာဘွဲ့ သီချင်းများကြောင့် ကိန္နရီ၊ ကိန္နရာ မောင်နှံတို့ပျော်စံရာ ငွေတောင်ပြည် ကို ရောက်ဖူးချင်စိတ်များပြားခဲ့သည်။ 'ငွေတောင်'ကို ရှမ်းဘာ သာစကားဖြင့် 'လွိုင်ငိမ်း' (လွိုင်= တောင်၊ ငိမ်း= ငွေ) ဟုခေါ်ပြီး ရှမ်း တို့ခေါ်သော 'လွိုင်ငိမ်း'၊ ကျွန်တော် ရောက်ဖူးချင်သော 'ငွေတောင်'သည် ကယားပြည်နယ်၊ ဒီမော့ဆိုပင်ဖြစ် သည်။ ကျွန်တော်သည် ငယ်စဉ်စစ် မှုထမ်းဘဝက ကယားပြည်နယ် တောင်ပိုင်း၊ ဖာဆောင်း၊ မော်ချီး ဒေသသို့ ရောက်ခဲ့ဖူးသော်လည်း ကယားပြည်နယ်မြောက်ပိုင်းရှိ ကယားပြည်နယ်၊ မြို့တော် လွိုင်ကော် နှင့်ကိန္နရီ၊ကိန္နရာတို့ ပျော်စရာ ဒီမော့ ဆိုသို့ ရောက်ခဲ့ဖူးခြင်းမရှိပါ။ အမှန် စင်စစ် ဒီမော့ဆိုသည် ကယားပြည် နယ်မှမြို့ငယ်တစ်ခုသာဖြစ်ပြီး မြို့ တော်လွိုင်ကော်နှင့် (၁၄)မိုင်ခန့်သာ ဝေးသည်။ ထိုဒေသတွင် ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်အစရှိ သောတောင်(၇)တောင်ရှိရာငွေတောင် ကြီးအနီး၌ တည်ထားသည့်ရွာဖြစ် သဖြင့် ဒီမော့ဆိုဟုခေါ်ဆိုခြင်းဖြစ် သည်။ (ကယားအမျိုးသားများက ငွေတောင်ကို ဒီမော့ဆိုဟု ခေါ်ဆိုကြ သည်။) ကယားပြည်နယ် မြန်မာ နိုင်ငံ၏အရှေ့တောင်ဖက်တွင် တည် ရှိပြီး အရှေ့ဘက်တွင်ထိုင်းနိုင်ငံ၊ မြောက်ဖက်တွင် ရှမ်းပြည်နယ်၊ အနောက်ဖက်တွင် မန္တလေးတိုင်းဒေ သကြီးနှင့် တောင်ဖက်တွင် ကရင် ပြည်နယ်တို့ရှိသည်အကျယ်အဝန်း အားဖြင့် ၄၅၁၉မိုင်သာရှိရာ ပြည် နယ်အသီးသီးတွင် အငယ်ဆုံးပြည် နယ်ဖြစ်ပြီး မြန်မာနိုင်ငံအကျယ် အဝန်း၏ ၁.၇၂ရာခိုင်နှုန်းသာရှိသည်။ ကယားပြည်နယ်၏ အရှေ့နှင့် အနောက်သည် ၆၅မိုင်ကျယ်ပြီး တောင်နှင့်မြောက်သည် ၁ဝ၅မိုင်ရှိ သည်ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၅ဝမှပေ ၇ဝဝဝကျော်ထိ မြင့် မားသော ကုန်းပြင်မြင့်မြေပေါ်တွင် တည်ရှိပြီး ရာသီဥတုသမမျှတသည်။ လွိုင်ကော်နှင့် ဒီမော့ဆိုဝန်းကျင်တွင် သာ လွင်ပြင်အနည်းငယ်ရှိပြီး ကျန် ဒေသများသည် တောင်ကုန်း၊ တောင် တန်း၊လျှိုမြောင်၊ ချောက်ကမ်းပါးများ ဖြစ်သည့်အတွက် လမ်းပန်းဆက် သွယ်မှုခက်ခဲသည်။ပြည်နယ်အတွင်း ကျေးရွာချင်းဆက်လမ်းများ ရှိသော် လည်း ပြည်မကြီးနှင့် ဆက်သွယ်ရာ တွင် များသောအားဖြင့် ကလော၊ အောင်ပန်းလမ်းခွဲမှ ပင်လောင်း၊ မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော်လမ်းကို အသုံးပြု လေ့ရှိကြသည်။ ကယားပြည်နယ် သည် အခြားပြည်နယ်များကဲ့သို့ လူဦးရေမထူထပ်၊ ကယားတိုင်း ရင်းသားများသာ အနေများသော ပြည်နယ်ဖြစ်သဖြင့် ရန်ကုန်မှလွိုင် ကော်သို့ တစ်ပတ်လျင် နှစ်ရက်သာ လေကြောင်းခရီးစဉ်ရှိသည်။ ကျွန် တော်၏ခရီးစဉ်သည် ရန်ကုန်မှ လွိုင် ကော်သို့ လေယာဉ်ဖြင့်သွားရောက် ခြင်းဖြစ်သည်။ လွိုင်ကော်တွင် ကျွန်တော့်အား ဒေသအာဏာပိုင်အဖွဲ့အစည်းမှ ကျွန် တော်သိလိုသော အချက်အလက်များ နှင့် သွားရောက်ရိုက်ကူးလိုသော ကယန်းတိုင်းရင်းသားများ၏လူနေမှု ဘဝပုံစံများ၊ရိုးရာယဉ်ကျေးမှု၊ ဝတ်စား ဆင်ယင်မှုနှင့် ဓလေ့ထုံးတမ်းစဉ်လာ များအတွက် ကယားပြည်နယ်စာပေ နှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်း ရင်းသားခေါင်းဆောင်များနှင့် ညှိနှိုင်း စီစဉ်ပေးခြင်းဖြစ်သည်။ ကယားပြည်နယ်တွင် ကယား အနွယ်ဝင် တိုင်းရင်းသားလူမျိုးစု အများဆုံးနေထိုင်ကြရာ၊ကယား၊ကယန်း ကဲခေါင်း(ပဒေါင်)၊ကယန်းကငန် (ယင်း ဘော်)၊ကယန်းကဲဒေါ့(ဂေခို)၊ ကယန်း လထာ(ဇယိမ်း)၊ကယော(ပရဲ့)၊ ကယား မိုနု(မနုမနော)၊ယင်းတလဲနှင့် ဂေဘား ဟူသောလူမျိုးစုများပါဝင်သည်။ ကယန်းတိုင်းရင်းသားသည် လူနည်းစု တိုင်းရင်းသားဖြစ်ပြီး ကယား အနွယ်ဝင် ကယန်းတိုင်းရင်း သားအချို့သည် မိမိတို့၏ လူမျိုးအမည်ကို အခြေချနေ ထိုင်ကြသည့် တောတောင် ရေမြေအနေအထားကို အစွဲ ပြု၍ ပူးတွဲခေါ်ဆိုအသုံးပြု ကြသည်။မြောက်ဖက်အရပ် ဖြစ်သော ပင်လောင်းမြို့နယ် တွင်နေထိုင်ကြသည့်ကယန်း တိုင်းရင်းသားများသည် မိမိ ကိုယ်ကို မြောက်ဖက်ကယန်း ဟုအဓိပ္ပါယ်ရသည့် ''ကယန်း လထာ'' အမည်ကို ခံယူကြ သလို တောင်ဖက်အရပ်ဖြစ် သော ဖယ်ခုံမြို့နယ်တွင် နေ ထိုင်ကြသည့် ကယန်းတိုင်း ရင်းသားသည် မိမိကိုယ်ကို မိမိတောင်ဖက်ကယန်းဟု အဓိပ္ပါယ်ရသည့် ''ကယန်း လဟွီ'' အမည်ကိုခံယူကြ သည်။ ထို့အတူပင် မြေပြန့် လွင်ပြင်ဖြစ်သည့် လွိုင်ကော် မြို့နယ်နှင့်ဒီမော့ဆိုမြို့နယ်တွင် အခြေ ချနေထိုင်ကြသော ကယန်းတိုင်းရင်း သားများသည် မိမိကိုယ်ကို မြေပြန့် ကယန်းဟုအဓိပ္ပါယ်ရသည့် ''ကယန်း ကငန်'' ဟု အမည်ခံကြသလို တောင်ငူ မြောက်ပိုင်းနှင့်ပျဉ်းမနားအရှေ့ဖက် တောင်ပေါ်ဒေသ နေထိုင်ကြသည့် ကယန်းတိုင်းရင်းသားများသည် မိမိ ကိုယ်ကိုတောင်ပေါ်သားဟု အဓိပ္ပါယ် ရသည့် ''ဂေခို'' ဟူ၍လည်းကောင်း၊ တောင်အောက်သားဟု အဓိပ္ပါယ်ရ သည့် ''ဂေဘား'' ဟူ၍လည်းကောင်း အမည်ခံယူ အသုံးပြုကြသည်။ ကယားပြည်နယ်သည် ရှမ်း ပြည်နယ်နှင့် ဆက်စပ်လျက်ရှိသဖြင့် ရှမ်းတိုင်းရင်းသားတို့က ကယန်း တိုင်းရင်းသားများ၏ဝတ်စားဆင်ယင် ထုံးဖွဲ့မှုကိုကြည့်၍ ခွဲခြားအမည်ပေးခေါ်ဆိုခဲ့ရာ ကြေးခွေပတ် (ကယန်းလဟွီ) အမျိုးသမီးပုံကိုကြည့်၍၊ ကြေးခွေပတ်လူမျိုး ဟု အဓိပ္ပါယ်ရသည့် ''ပတောင်း'' ဟူ၍လည်းကောင်း၊ လည်ပင်းနှင့်ရင်ညွန့်အထိ ငွေသားဘော်ပြားများ ဝတ်ဆင် သည့် (ကယန်းကငန်)အမျိုးသမီးပုံကိုကြည့်၍ ဘော်ပြား လူမျိုး ဟုအဓိပ္ပါယ်ရသည့် ''ယင်းဘော်''ဟူ၍လည်းကောင်း၊ ခေါင်းပေါ်ရှိဆံပင်များအမြဲတမ်းအတိုဖြစ်အောင်ထားရှိ သည့်(ကယန်းလထာ) အမျိုးသားများကို ဆံပင်တိုလူမျိုးဟု အဓိပ္ပါယ်ရသည့်(ဟိုထာ-ဇယိမ်)ဟူ၍လည်းကောင်း ခေါ် ဆိုကြသည်။ ယခင်က ကျွန်တော်တို့ခေါ်ဆိုခဲ့သော''ပဒေါင်'' လူမျိုး၊ ''ယင်းဘော်'' လူမျိုး၊ ''ဇယိမ်း''လူမျိုးတို့တွင် ''ကယန်း'' ဟူသောပင်ရင်းအမည်မပါရှိသောကြောင့် သီးခြားတိုင်းရင်း သားလူမျိုးတစ်မျိုးစီ၏အမည်ကဲ့သို့ အဓိပ္ပါယ်သက်ရောက် စေခဲ့သည့်အပြင်ကယန်းတိုင်းရင်းသားတို့ကလည်း ဤကဲ့သို့ ခေါ်ဆိုသော ထိုအမည်များကို လိုလားနှစ်သက်ခြင်း မရှိကြကြောင်း သိရသည်။ ကယန်းတိုင်းရင်းသားများသည် မိမိကိုယ်ကို ''ကမ်းယံ''ဟူသော မွန်ဂိုလွိုက်မျိုးနွယ်မှ ဆင်းသက်လာသည့်ကရင်အစုငယ်အုပ်စုမှ ဖြစ်သည်ဟု ယုံကြည်ကြသည်။''သက်နှင့်ရခိုင်၊နိုင်းပြိုင်တောင်သူ၊ ပျူကမ်းယံယော၊ ထားဝယ်နောက မျိုးသတ္တ''ဟု ဖွင့်ဆိုထားသောမြန်မာ(၇)မျိုးတွင် ကမ်းယံ မျိုးနွယ်၊ ကယန်းတိုင်းရင်းသားများ ပါဝင်သောကြောင့် ကယန်းတိုင်းရင်းသား သည်မြန်မာလူမျိုးပင်ဖြစ်သည်။ ကယားပြည်နယ်၏ မြို့တော်ဖြစ်သော 'လွိုင်ကော်'မြို့ကို ကယား လူမျိုးတို့က ''ဆိရိဒေါ''ဟု ခေါ်ကြသည်။ ဆိရိဒေါဆိုသည်မှာ ဆိရိရွာဟု အဓိပ္ပါယ်ရသလို ''ကြက်ရိုးထိုး၍ အောင်မြင်သည်'' ဟူ၍လည်း အဓိပ္ပါယ် ရသည်။ ရှေးနှစ်ပေါင်းများစွာက လွိုင်ကော်မြို့ကို ဖြတ်သန်းစီးဆင်းလျက်ရှိ သောဘီလူးချောင်းအရှေ့ဘက်ကုန်းမြင့်နေရာတွင် ကယားတိုင်းရင်းသား (၄)ဦး တို့က ကြက်ရိုးဗေဒင်ထိုးကာမင်္ဂလာရှိသည်ဟု ယူဆသောကြောင့် တောခုတ် ရှင်းလင်းပြီး ရွာတစ်ရွာတည်ထောင်ခဲ့သည်ဟုဆိုသည်။ ထို့နောက် ဘီလူး ချောင်းတစ်လျှောက် ကုန်ကူးသန်းရောင်းဝယ်နေသည့်ရှမ်းတိုင်းရင်းသား ''လုံးဆိရိ''ဆိုသူသည် ကယားတို့နှစ်သက်သော ကွမ်း၊ ကွမ်းရွက်၊ ဆေး၊ဆားစ သည့် ကုန်ပစ္စည်းများကို လာရောက်ရောင်းချရာမှ အဆိုပါကယားရွာငယ်တွင် ကုန်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊ ထိုမှတဖန် ''လုံး ဆိရိ''သည် အရှေ့ကရင်နီစော်ဘွားကြီး ''ဖဖေါ်'ထံမှခွင့်ပြုချက်ရယူပြီး ထိုရွာ ကို မြို့အဖြစ်သို့ စံနစ်တကျ အကွက်ချပြောင်းလဲခဲ့ခြင်းဖြစ်၍ ထိုမြို့ကို ''ဆိရိ ရွာ'' သို့မဟုတ် ကြက်ရိုးထိုး၍အောင်မြင်သည့်ရွာ ''ဆိရိဒေါ''ဟု ခေါ်ဆိုကြ ခြင်းဖြစ်ကြောင်း နယ်မြေခံများက ပြောသည်။ သူတို့အဆိုအရ မြို့ကို တည် သည့်ရက်ကို ရှာဖွေတွေ့ရှိခြင်းမရှိသော်လည်း မြို့ကိုတည်သည့် နှစ်မှာမူ မြန်မာသက္ကရာဇ် ၁၂ဝဝခုနှစ်၊ကဆုန်လ၊သောကြာနေ့ဖြစ်ကြောင်းနှင့် ယနေ့ တိုင်နှစ်စဉ်ကဆုန်လ၊ သောကြာနေ့တိုင်း မြို့တည်သည့်အထိမ်းအမှတ်အဖြစ် ဆွမ်းလောင်းပွဲကျင်းပလေ့ရှိသည်ဟုဆိုသည်။ မြို့ကိုတည်ပြီးနောက် ဘီလူး ချောင်းတစ်လျှောက်ရှိ ကုန်သည်တို့သည်ဆိရိဒေါသို့လှေများဖြင့်လည်း ကောင်း၊ဆီဆိုင်၊နောင်မွန်ဘက်မှကုန်သည်များသည် နွားလှည်း၊ နွားဝန်တင် တို့ဖြင့်လည်းကောင်း လာရောက်ရောင်းဝယ်ဖောက်ကားရာမှ တစ်စတစ်စ စည်ကားလာပြီး ရွှေကျောင်းတောင်ဖက်တွင်ရှမ်းလူမျိုးများ၊ဘီလူးချောင်း အနောက်ဖက်ကမ်းတွင် အင်းလေးဖက်မှပြောင်းရွှေ့လာသူများ အခြေစိုက် နေထိုင်လာကြသည်။ ရှမ်းတို့သည် ဘီလူးချောင်းအနောက်ဖက်ကမ်းရှိ တစ်သီး တစ်ခြားစီရှိသောရွှေတောင်နှင့်မင်္ဂလာသီရိတောင်တော်ကိုအကြောင်းပြု၍ တစ်သီးတစ်ခြားရှိသောတောင်ဟု အဓိပ္ပါယ်ရသည့် 'လွိုင်ခေါ်''ဟုခေါ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်မှ ကာလရွေ့လျားလာသဖြင့်''လွိုင်ခေါ်''မှ''လွိုင်ကော်'' သို့ ပြောင်းလဲခေါ်ဆိုခြင်းဖြစ်ပြီး ကယန်းတိုင်းရင်းသားတို့ကမူ ယနေ့တိုင် လွိုင်ကော်ကို ''ဆိရိဒေါ''ဟူ၍ ခေါ်ဆိုလျက်ပင် ရှိကြသေးသည်။ သီရိမင်္ဂလာတောင်ပေါ်တွင် စေတီဘုရားများတည်ထားသည်။ သီရိမင်္ဂလာတောင်သည် ကျောက်တောင် ဖြစ်ပြီး သဘာဝအခြေအနေအရ နှစ်ပိုင်းကွဲ၍ တည်ရှိနေဟန်ဖြစ်သဖြင့်၊ အရပ်အခေါ် ''တောင်ကွဲ စေတီ'' ဟု ခေါ်ကြသည်။ တောင်ကွဲစေတီသည် လွိုင်ကော်၏ မြေပြင်အမှတ်အသား သင်္ကေတဖြစ်ပြီး လွိုင်ကော်ဟုဆိုသည်နှင့် တောင်ကွဲစေတီ (သို့မဟုတ်) မင်္ဂလာသီရိတောင်ကို မြင်ယောင် မိကြသည်။ ကယားကို ယခင်က ကရင်နီဟုခေါ်ဆိုကြသည်။ ကရင် နီ ဟုခေါ်ဆိုရခြင်းမှာ အနီရောင်ဝတ်စုံကို ဝတ်ဆင်လျက်ရှိသော ကယားတို့ကို ရှမ်းတို့က ''ယန်းလျံ'' (ယန်း= ကယား၊ လျံ= အနီရောင်) ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ ကယားအမျိုးသားများ သည် အနက်ရောင်ဘောင်းဘီရှည်နှင့် ရှပ်အင်္ကျီအဖြူကို ဝတ်ဆင်ပြီးခေါင်းပေါင်းအနီပေါင်း၍ ခါးစည်းပန်းရောင် စည်း သည်။ ကယားအမျိုးသမီးများမှာဆံထုံးထုံး၍ အနီရောင်ပုဝါ ပေါင်းသည်။ အနီရောင် (သို့မဟုတ်) အနက်ရောင်ခြုံထည်ကို လွမ်းခြုံထားပြီး ခါးစည်းကို အဖြူရောင်သုံးသည်။ အနက်ရောင် (သို့မဟုတ်)အနီရောင်ထမီတိုကိုဝတ်၍ ခြေသလုံးတွင် သစ်စေးသုတ်ထားသော ချည်ကွင်းများစွပ်ထားသည်။ နားတွင် နားဆွဲချွန်များ ဆွဲပြီး ငွေလက်ကောက်၊ ငွေလက်စွပ်များဝတ်ဆင်သည်။ လည်တွင် ငွေဒင်္ဂါး ပြားများကို ဆွဲပြီး ခါးတွင် ပယင်း၊ သန္တာ၊ ပုတီးများသီ၍ဆွဲသည်။ ခြေကျင်းဝတ် တွင်လည်း ပုတီးစေ့များ သီကုံးပတ်ထားသည်။ ကယားလူမျိုးစုတို့သည် ကယားပြည်နယ်တွင် လွိုင်ကော်၊ ဒီမော့ဆို၊ ဖရူဆိုနှင့် ရှားတောမြို့နယ်များတွင် အများဆုံးနေထိုင်ပြီး ဘော်လခဲ၊ ဖာဆောင်းနှင့်မယ်စဲ့မြို့များတွင် အခြားတိုင်း ရင်းသားများနှင့်ရောနှောနေထိုင်ကြသည်။ ရှေ့အပတ်ဆက်ဖတ်ပါရန်

0 comments:

Post a Comment