Blogger news

Showing posts with label ချက်ပြုတ်နည်း. Show all posts
Showing posts with label ချက်ပြုတ်နည်း. Show all posts

Thursday, May 5, 2011

ပုစွန်ကစော့သီး ငါးပိချက်


ပါဝင်ပစ္စည်းများ
ပုစွန်ကျော့ - ၁၀ ကျပ်သား
ကစော့သီး - အခါးပန်းကန်တစ်လုံးစာခန့် (အညှာခြွေပြီး)
သရက်သီးစိမ်း - အလုံးကြီးလေးစိပ် တစ်စိပ်ခန့်
ကင်းမွန် ငါးပိ - အနည်းငယ်
ငရုတ်သီးစိမ်း နဲ့ နံနံပင်
ပြုလုပ်ပုံအဆင့်ဆင့်
ကျော့ပုစွန်ကို ငါးပိချက်ရာမှာ အကောင်လိုက်ဆိုတာထက် နှစ်ပိုင်းလေးတွေ ဖြစ်အောင်လှီး ပြီး အရသာနယ်ထားရင် ပိုကောင်းပါတယ်။ ပြီးတော့ ကစော့သီးလေးတွေကို အညှာခြွေပြီး ရင် အလယ်ကနေထက်ခြမ်းလေးတွေ လှီးထားပါမယ်။ သရက်သီးကိုလည်း ခြစ်နဲ့ အမျှင် ရှည်လေးတွေရအောင် ခြစ်ထားပါမယ်။ ကင်းမွန်ငါးပိ အနည်းငယ်ကိုလည်း ပန်းကန်လုံး ထဲမှာ ရေနည်းနည်းနဲ့ အရည်ပျစ်ပျစ်လေးရအောင် မွှေပေးလိုက်ပါ။
စချက်ပြီဆိုရင်တော့ ကြက်သွန်ဆီသပ်တဲ့အခါ ပထမဆုံး ရေနဲ့ဖျော်ထားတဲ့ ကင်းမွန်ငါးပိ ကို ထည့်ပြီး အနံ့မွှေးအောင် သပ်ပေးရပါမယ်။ ငါးပိထဲထည့်ထားတဲ့ ရေလေးနည်းနည်း ခြောက်သွားပြီဆိုရင်တော့ နယ်ဖတ်ထားတဲ့ ပုစွန်ထည့်လို့ ရပါပြီ။ ပုစွန်လေးတွေရဲတဲ့အထိ မွှေပေးရပါမယ်။ ပုစွန်လေးတွေ ရဲလာပြီဆိုရင်တော့ ခြမ်းထားတဲ့ ကစော့ခါးသီးတွေနဲ့ ခြစ် ပြီးသား သရက်သီးတွေကိုပါ ထည့်ပြီး မွှေပေးပါမယ်။ သရက်သီးထဲက အချဉ်လေးထွက် သွားအောင် မွှေပေးပြီးရင်တော့ ရေထည့်ပြီး အုပ်ထားလိုက်ပါ။ ကစော့သီးက နူးညံ့သွားဖို့ အချိန်ယူရတာမို့ ရေပိုပိုသာသာ ထည့်ပြီး နူးအောင်တည်ပေးထားပါ။ နူးသွားပြီ ဆိုရင်တော့ ငရုတ်သီးစိမ်း ထောင်းထည့်ပြီး နံနံပင် အုပ်လို့ရပါပြီ။
အဲဒါဆိုရင်တော့ ပုံမှန်ငါးပိချက်တွေနဲ့ မတူဘဲ ချဉ်တဲ့အရသာလေးပါ တွဲဖက်ပါဝင်မယ့် ချဉ်ငန်စပ်ငါးပိချက်လေး သုံးဆောင်လို့ ရပါပြီ။
ငါးပိချက်လေးရဲ့ အရသာပိုပြီး ပြည့်စုံသွားအောင် ခရမ်းသီး၊ သခွားသီး၊ မုန်လာဥနီ၊ ရှောက်ရွက်၊ မြင်းခွာရွက် စတဲ့ တို့စရာတွေ စုံစုံလင်လင် ပြင်ဆင်လိုက်မယ်ဆိုရင်တော့ မြန်မာ့ထမင်းဝိုင်းစစ်စစ် တစ်ခုကို ပြင်ဆင်လို့ ရပြီပေါ့။
Ref : 7 Days News